နေပြည်တော် ၂၃ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ဝင်ရောက်ရှာဖွေရာမှ ပြစ်မှုကျူးလွန်သူ လေးဦးနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရဲပြန်ကြား သတင်းအရ သိရသည်။
ဖြစ်စဉ်မှာ ဝိန်းကျောက်ရပ်ကွက်နေ ဒေါ်နန်းမွှေး၏ နေအိမ်သို့ သတင်းအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်က ဝင်ရောက်ရှာဖွေရာ အိမ်ငှားရမ်းနေထိုင်သူ ပန်းခန်မြို့၊ လမ်းနောင်းရပ်ကွက်နေ အာနုဆွန်(၂၀)နှစ်ပါ ထိုင်းနိုင်ငံသား ၃ ဦးနှင့် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ အေးဖာလီ(၂၄)နှစ်တို့အား တွေ့ရှိဖမ်းဆီးစဉ် အာနုဆွန်က ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ရန်ပြုသဖြင့် ပြန်လည်သတိပေးပစ်ခတ်ခဲ့ရာ အာနုဆွန်မှာ ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ အာနုဆွန်ထံမှ Manurhin Lic.Wal Ther PP ပစ္စတိုသေနတ် ၁ လက်နှင့် ကျည် ၈ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၈၁၆ ပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အာနုဆွန်နှင့် အေးဖာလီပါ ၃ ဦးတို့အား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
MDN


