တာချီလိတ် ဒီဇင်ဘာ  ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စက်သံဆူညံစွာ တပ်ဆင်မောင်းနှင့်သော မော်တော် ဆိုင်ကယ်များမှ သိမ်းဆည်းထိန်းသိမ်းထားရှိသည့် ပါဝါအိတ်ဇောများ ဖျက်ဆီးခြင်းကို ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ခရိုင်စုပေါင်းရုံးရှေ့၊ ဗိုလ်ချုပ် လမ်းမပေါ်၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ဒုတိယရဲမှူးသိန်းဘိုက ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အတွင်း စည်းကမ်းပျက် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား ဖမ်းဆီးတရားစွဲတင်ပို့ခဲ့မှုနှင့် တရားရုံး ဒဏ်ငွေရရှိမှုများကို ရှင်းလင်းတင်ပြပြီး တာချီလိတ် မြို့ပေါ်ရပ်ကွက်များနှင့် ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် စက်သံဆူညံစွာ ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခဲ့သော မော်တော်ဆိုင်ကယ် ၃၅၂ စီးမှ သိမ်းဆည်းထားရှိခဲ့သော ပါဝါအိတ်ဇောများအား ဗိုလ်ချုပ်လမ်းမပေါ်တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်လမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့်  မော်တော်ဆိုင်ကယ်များမှ ဆိုင်ကယ်ဦးထုပ် မပါရှိသူများအား ဆိုင်ကယ်ဦးထုပ် အလုံးရေ ၃၀၀ ကို အခမဲ့ဖြန့်ဝေပေးပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ အသိပညာပေးပြဘုတ်များ ပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)