တာချီလိတ်မြို့နယ်အတွင်း ​​ကျေးရွာ​ပေါင်း ၅၁ ရွာကို ဆိုလာမီးတပ်ဆင်​ပေးမည်​

တာချီလိတ် ၂၈   စက်တင်ဘာ

 

ကျေးလက်မီးလင်းရေး မဟာဓာတ်အားလိုင်းပြင်ပ စနစ်ကို အကောင်အထည်​ဖော်သည့် အနေဖြင့် တာချီလိတ်မြို့နယ်အတွင်း ဆိုလာမီးတပ်ဆင်ပေးလျှက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ  စာရင်းပေးထားသည့် ​​ကျေးရွာ ၅၁ ရွာကို ဆိုလာမီးတပ်ဆင်​ပေးမည်​ ဖြစ်​သည်​။

 

အဆိုပါ ကျေးလက်မီးလင်းရေး စီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်နေခြင်း ဖြစ်ပြီး ယခု ဘဏ္ဍာနှစ်တွင် ဆိုလာမီး တပ်ဆင်ရန် မူလက ၄၅ ရွာသာ စာရင်းပေးထားရာမှ ယခုအခါ တာချီလိတ်မြို့နယ်အတွင်းရှိ နားယောင်း​ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စု၊ မိုင်းကိုး​ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၅၁ ရွာအထိ တိုးလာ​ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

“မဟာဓာတ်အားလိုင်း ပြင်ပစနစ်နဲ့ လျှပ်စစ်မီး မရသေးတဲ့ ဒေသတွေမှာ တစ်အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားလိုင်းစနစ်တွေနဲ့ လျှပ်စစ်မီး စောလျှင်စွာရရှိရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမက ကျေးရွာ ၄၅ ရွာ စာရင်းပေးထားတယ်။ နောက်ဆုံးစာရင်းပိတ်တော့ ၅၁ ရွာအထိ တိုးလာပါတယ်”ဟု ဦးဇာ်မိုးက ပြောသည်။

 

ဆိုလာမီးတပ်ဆင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကို တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဆောင်ရွက်လျှက်ရှိပြီး အောက်တိုဘာ အစပိုင်တွင် အပြီးတပ်ဆင်သွားမည်ဖြစ်​​​​​သည်။

 

တပ်ဆင်သူများသည် ကျပ် ၄ သိန်းခန့် တန်ဖိုးရှိသည့် ဆိုလာမီး ၆၀ ဝပ်အား တစ်စုံကို ကျပ် ၅သောင်းပေးသွင်းရမည် ဖြစ်ပြီး ကျပ် ငါးသိန်းခွဲခန့် တန်ဖိုးရှိသည့် ဆိုလာမီး ၁၀ဝ ဝပ်အား တစ်စုံကို ကျပ်တစ်သိန်းခွဲခန့်သာ ​ပေးသွင်းရမည် ဖြစ်သည်။

 

 ကျေးရွာ ၅၁ တွင် ၁၀ဝ ဝပ်ဓာတ်အား ဆိုလာမီး တပ်ဆင်ရန် စာရင်းပေးထားသူ ၄၇၀ ဦး ရှိပြီး ၆၀ ဝပ်ဓာတ်​အားဆိုလာ တပ်ဆင်ရန် စာရင်းပေးထားသူ ၇၂၇ ဦး ရှိကြောင်း သိရသည်။

 

တာချီလိတ်မြို့နယ်အတွင်း ကျေးလက်မီးလင်းရေး စီမံကိန်းကိုဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉၇ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၇ ရွာ ဆိုလာမီးတပ်ဆင်ပြီးဖြစ်ကာ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ ၅၁ ရွာ ထပ်မံတပ်ဆင်သွားမည် ဖြစ်​​ကြောင်း သိရသည်။

 

မြင့်မိုရ်​(တာချီလိတ်​)