တာချီလိတ်  မေ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြိုနယ် အတွင်းရှိ စာသင်ကျောင်းများသို့ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မေ ၂၀ ရက် နံနက် ၉ နာရီမှ စတင်၍ ကွင်းဆင်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့၊ ခုတင် (၁၀၀)ဆံ့ ခရိုင်ပြည့်သူ့ဆေးရုံကြီးမှ ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင် ဦးဆောင်သော ကျန်းမားရေး ဝန်ထမ်းများ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ မှ ဒေါ်လှိုင်လှိုင်မြင့် ဦးဆောင်သော အဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာ အဖွဲ့ မှ ဒေါ်ခင်အေးလွင် ဦးဆောင်သော အဖွဲ့ဝင်များ ၊ ပရဟိတ လူမှုကူညီရေး အဖွဲ့များ ပါဝင်သည့် အင်အား ၂၀ ခန့် တို့သည် မေလ ၂၀ ရက် နံနက်ပိုင်းမှစတင်ကာ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မကာဟိုခမ်း ရပ်ကွက်ရှိ အ.ထ.က စာသင်ကျောင်းမှ စတင်၍ အခြားသော စာသင်ကျောင်း (၄)ကျောင်းသို့ ကွင်းဆင်း သွားရောက်ခဲ့သည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် ရေလှောင်ကန်များ အတွင်းရှိ ခြင်ပေါက်ဖွားစေသော ပိုးလောက်လန်းများ ဖယ်ရှားရှင်းလင်းစေရေးအတွက် ABATE ဆေးများ ထည့်ခြင်း ၊ ကျောင်းများရှိ ဆရာ ဆရာမများအား ဆေးအသုံးပြုပုံများ ရှင်းလင်းပြောကြားခြင်း ၊ ခြင်ပေါက်ဖွားစေနိုင်သော ရေဝပ်ရေကျန်နေရာများအား ရှင်းလင်း ခြင်း ၊ ဖုံး သွန် လှယ် စစ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အား ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။
                  
 အဆိုပါ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် ပူးပေါင်း အဖွဲ့ သည် တာချီလ်တ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဆောင်ရွက်ပြီးစီးပါက ဆက်လက်၍ ဝန်ထမ်းအိမ်ရာများ ၊ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင် းသိရသည်။

ဇင်ယော်(တာချီလိတ်)