နေပြည်တော်   ဇွန်  ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ဇွန် ၁၉ ရက်က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား လေးဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံ ကျေးရွာရှိ ဒေါ်အီလာခမ်း(ဘ)ဦးအိုက်ဟုန် ပိုင်ဆိုင်သည့် ခြံအမှတ်(ဝကလ-၀၆၄)ရှိ ငါးကန်ဟောင်းနေရာ၌ တရုတ်နိုင်ငံ သားများ တရားမဝင် ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က ဝင်ရောက်စစ်ဆေးရာ အဆိုပါနေရာ၌ တရားမဝင် ရောက်ရှိနေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အန်းဟွေး ပြည်နယ် ရှန်ရင်တုန့်ပိုင်မြို့နေ ရှောက်ဟူ(၃၄)နှစ်  (ဘ) ဝမ်းလိ၊ ဖူးကျန့်ပြည်နယ် လုံးရမ်မြို့နေ လောင်ရောင်း (၄၅)နှစ် (ဘ)လောင်ဖိန်း၊ ဟူနန်ပြည်နယ် ဟိန်းရမ်မြို့နေ လောက်လျိုး(၃၄)နှစ် (ဘ)လျှိုးရှင်းယုံနှင့် ကွေ့ကျုံး ပြည်နယ်  အန်းစွင့်မြို့နေ  အားဖိန်း(၂၈)နှစ်  (ဘ) အားကျင်းတို့ လေးဦးအား MK 12 အမျိုးအစား သေနတ် တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည် ၁၀ တောင့်၊ M 16 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည် ၁၉ တောင့်၊ CZ 512 အမျိုးအစားသေနတ် တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ပွိုင့် ၂၂ ကျည် ၉၁ တောင့်၊ GLOCK-19 ပစ္စတိုသေနတ်တစ်လက်၊ ၎င်း ကျည်အိမ်တစ်ခု၊ ကျည်ရှစ်တောင့်၊ Sig Sauer ပစ္စတို သေနတ်နှစ်လက်၊ ၎င်းကျည် အိမ်နှစ်ခု၊   ကျည် ၂၁ တောင့်၊ ဆက်သွယ်ရေးစကားပြောစက် ရှစ်လုံး၊ ကတ်တမင်း ၁၅၀ ဂရမ်ခန့်၊ မူးယစ်ဆေးဝါး မွှေစက် တစ်လုံးနှင့် တရားမဝင် လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန် ခြင်္သေ့တစ်ကောင်၊ ကျား တစ်ကောင်၊  ဝက်ဝံနှစ်ကောင်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

 

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား လေးဦးနှင့် ၎င်းတို့အား တရားမဝင် နေထိုင်ခွင့်ပြုထားသူ ခြံပိုင်ရှင် ဒေါ်အီလာခမ်း (ဘ)ဦးအိုက်ဟုန်တို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး       လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                                    

သတင်းစဉ်