နေပြည်တော် ၁၉ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၇ နာရီ မိနစ် ၂၀ ခန့်တွင် သတင်းအရ တာချီလိတ်မြို့ မိုင်းဖုန်း(က) အုပ်စု လွန်းကျိုင်းကျေးရွာရှိ စိုင်းလှရွှေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း လူတစ်ယောက်မှ တွေ့ရှိခြင်းမရှိဘဲ ကားဂိုဒေါင်အတွင်းမှ AK-47 တစ်လက်၊ ၎င်းကျည်အိမ် ကိုးခု၊ ၎င်းကျည် ၅၇ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၈ တောင့်၊ Lugar ၉ မမကျည် ၂၈ တောင့်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀၀၊ အိုက်စ် ၁ ကီလိုဂရမ်ခန့် (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၃၃၀ ခန့်) အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း။
ပူးပေါင်းအဖွဲ့က လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသော ခြံဝင်းနှင့် ဘယ်ဘက်ရှိ ခြံဝင်းသို့ ဆက်စပ်ထားသည့် မလွယ်ပေါက်တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေရာ လုံးချင်းတစ်ထပ်တိုက် အဆောက်အအုံအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် WY တံဆိပ်ပါ သံမှို ကိုးချောင်း၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည် ၁၀ လုံး၊ စတီးရွှေစက် အသေး လေးလုံး၊ ဖန်ပေါင်းချောင် တစ်လုံး၊ ကြွေကန်တော့ တစ်လုံး၊ ကီလိုချိန်ခွင် တစ်ခု၊ ဆေးပြားရေတွက်သည့်ဗန်း တစ်ခု၊ စတီးအိုး နှစ်လုံး၊ ဂေါ်ပြား တစ်ခု၊ ဆန်ခါ သုံးခု၊ ပါကင်ထုပ်စက် တစ်ခု၊ စတီးဇလုံ တစ်လုံး၊ စတီးရွှေစက်အကြီး တစ်လုံး၊ အခြောက် ခံဗန်းတစ်ခု၊ Star Brand အပြာ အရောင်တင်မှုန့် လေးဘူး၊ Food Additives အရောင်တင်မှုန့် သုံးဘူးနှင့် ဆန်ခါအသေး နှစ်ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း။
အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်