နေပြည်တော် ဒီဇင်ဘာ ၂၈
တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃,၂၂၃ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းကျောက်ကျေးရွာအနီးရှိ KTV သို့ ဝင်ရောက်ရှာဖွေရာ ကြိုတင်သတင်းရရှိထားသူများဖြစ်သည့် မနန်းရှဲန်၊ မနန်းယိင်း (ခ) နန်းဖူးရီနှင့် အိုက်အွန် (ခ) စိုင်းအွန်တို့ ၃ ဦးအား စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၆၃ ကီလို၊ မော်တော်ဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးတွင် အိုက်ခမ်ခန်း မောင်းနှင်ပြီး စိုင်လှကြိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် အိုက်နွံတွီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် အိုက်နွံတွီမှာ ဆိုင်ကယ်အား လှဲချ၍ ထွက်ပြေးသွားသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်