တာချီလိတ် ၇ ဩဂုတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြို့ရှောင်လမ်းဖောက်လုပ်တွင် ပါဝင်သွားသော မြေယာများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လျော်ကြေးငွေ ပေးအပ်ခြင်းကို ရန်အောင်မြေရပ်ကွက် ဘုရားကြီးကျောင်းတိုက်၌ ဩဂုတ် ၆ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အာခါ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလတို့မှ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် လိုအပ်ချက်များကို တိုင်းရင်းသားဘာသာစကားဖြင့် ရှင်းလင်းပြခဲ့ကြသည်။
ယခုဖောက်လုပ်မည့် မြို့ရှောင်လမ်းသည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှစတင်၍ ရန်အောင်မြေရပ်ကွက်နှင့် ဆေခမ်းရပ်ကွက်အပိုင် ဥယာဉ်ခြံမြေများကို ဖြတ်သန်းပြီး တာချီလိတ်-မိုင်းဖုန်းသွား မော်တော်ကားလမ်း ဆွတ်ဆိုင်ရွာအနီးသို့ ဖောက်လုပ်သွားမည်ဖြစ်ကာ အရှည် လေးကီလိုမီတာကျော်ခန့် ရှိကြောင်း သိရသည်။
ထို့နောက် မြေယာနှင့် သီးနှံလျော်ကြေးငွေများကို ဝန်ကြီးများဖြစ်ကြသော ဦးခွန်ရဲထွေး၊ ဦးစိုင်းစွံဆိုင်း၊ ဦးအာဗေလနှင့် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်အသီးသီးက တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်သို့ လျော်ကြေးငွေများ ပေးအပ်ခဲ့ကြသည်။
လျော်ကြေးငွေပေးအပ်ခဲ့ကြရာတွင် တောင်သူ (၈၁) ဦးရှိပြီး စုစုပေါင်းလျော်ကြေးငွေ နှစ်ထောင့်ကိုးရာ ငါးဆယ်ခုနှစ်သိန်း ခုနှစ်သောင်းကျပ် (၂၉၅,၇၇၀,ဝ၀ဝ) ကျပ်ရှိကြောင်း သိရသည်။
၎င်းနောက် တောင်သူအားလုံးကိုယ်စား တောင်သူဦးစိုင်းနွဲ့မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း ခရိုင် (ပြန်/ဆက်) မှ သတင်းရရှိသည်။
MDN


