တာချီလိတ် စက်တင်ဘာ ၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အာယုဒါန အောက်ဆီဂျင်ထုတ်စက်ရုံ ပုံမှန်လည်ပတ်လျက်ရှိပြီး နေ့စဉ် (၄၀)လီတာဝင်အိုး အလုံး ၂၀၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အောက်ဆီဂျင်ထုတ်စက် လည်ပတ်နေမှုနှင့်ပတ်သက်၍ စက်ရုံမှူး ဉီးဝင်းမြင့်က အောက်ဆီဂျင်  ထုတ်စက်ကို မနက်အလုပ်ဆိုင်းတွင် အလုံး ၇၀၊ ညအလုပ်ဆိုင်းတွင် အလုံး ၇၀၊ တစ်နေ့လျှင် အလုံး ၁၄၀ ထွက်ရှိကြောင်း၊ အဆိုပါ အောက်ဆီဂျင်အိုးများကို ဉီးစားပေးစနစ်ဖြင့် ခွဲဝေပေးလျက်ရှိကြောင်း၊ ပထမဉီးစားပေးအဖြစ် ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ ဒုတိယဉီးစားပေးအဖြစ် လူမှုကူညီရေး ပရဟိတအသင်းများသို့ လည်းကောင်း ခွဲဝေပေးလျက်ရှိကြောင်း၊ မသမာမှုများမှ ကာကွယ်ရန်အတွက် ပြည်သူများအနေဖြင့် အောက်ဆီဂျင်ဖြည့်လိုပါက ပြည်သူ့ဆေးရုံမှ ဆရာဝန်၏ လက်မှတ်ပါထောက်ခံချက်နှင့် ပရဟိတအသင်းများမှတစ်ဆင့် လာရောက်ရန် လိုအပ်သကဲ့သို့ အရေးပေါ်အချိန်၌ အခက်အခဲများကြုံတွေ့ရပါက ကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ စက်ရုံတာဝန်ခံအင်ဂျင်ယာမှ ပြောကြားခဲ့ရာတွင် ယခုလည်ပတ်နေသောစက်သည် တစ်နာရီလျှင် ၄၀ လီတာဝင်အိုး ၁၃ လုံး ထုတ်ပေးနိုင်ပြီး အချိန်ပြည့်လည်ပတ်ပါက အိုး ၂၀၀ ကျော်ကို ထုတ်ပေးနိုင်ကြောင်း၊ လိုအပ်လာပါက စက်ကို ၇ ရက် မရပ်မနား အချိန်ပြည့်လည်ပတ်နိုင်ကြောင်း၊ ယခုအချိန်၌ လူနာများအနေဖြင့် အောက်ဆီဂျင်ရရှိရေး အခက်အခဲအတွက် စိုးရိမ်ရန် မလိုအပ်တော့ကြောင်း ပြောကြားသွားခဲ့သည်။

 

အောက်ဆီဂျင်ထုတ်စက်ကို ဩဂုတ် ၂၈ ရက်မှ စတင်လည်ပတ်ခဲ့ရာတွင် ယနေ့ထိစုစုပေါင်း ၄၀ လီတာဝင်အိုး ၃၀၀ ခန့်ကို ထုတ်လုပ်ဖြန့်ဝေပေးခဲ့ပြီး အခြားမြို့နယ်များသို့လည်း ခွဲဝေပေးလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

 

ယာဆေး (ပြန်/ဆက်)