တာချီလိတ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၏ စီစဉ်မှုဖြင့် တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပါဝင်ကူညီလုပ်အားပေးခဲ့ကြသောလူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များအား အခြေခံ စားသောက်ကုန်များကိုယမန်နေ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ Quarantine Center များတွင် တာဝန်ရှိသူများနှင့်အတူ ပါဝင်လုပ်အားပေးကူညီပေးခဲ့ကြသော မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ အလင်းရောင်ပရဟိတအသင်းနှင့် နာရေး ကူညီမှုအသင်းတို့တွင် လုပ်အားပေးလျက်ရှိသော လူဦးရေ (၃၀၀)အတွက် ဆန်အိတ် (၃၀၀)နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ထောက်ပံ့ရာတွင် တိုင်းစစ်ဌာနချုပ်ကိုယ်စား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲမှုးကြီး ဦးရဲနိုင်အောင်၊ တာချီလိတ်မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဥက္ကဌ ဦးထွန်းနေဦးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးခဲ့ပြီး ပရဟိတအဖွဲ့မှတာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


