ရန်ကုန် ၁၆ အောက်တိုဘာ

 

မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံမှ သံဃာတော် အပါး (၄၇၀)သည် ဒုတိယအကြိမ်မြောက် ဓမ္မယထရခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိလာရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

 

mdn

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ကြွရောက်တော်မူလာကြသည့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ သံဃာတော် အပါး (၄၇၀)၏ ဒုတိယအကြိမ်မြောက် ဓမ္မယထရ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် အောက်တိုဘာ ၁၅ ရက်က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ယနေ့နံနက် ၉ နာရီခွဲတွင် ထိုင်းနိုင်ငံမှတဆင့် တာချီလိတ်မြို့သို့ ကြွချီကာ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ ထပ်ဆိုင်းမောင်းစေတီတော်၊ ရွှေတိဂုံ ပုံတူစေတီတော်တို့အား သွားရောက်ဖူးမြော်၍ ရွှေတိဂုံပုံတူစေတီတော် ပုရဝုဏ်အတွင်း ဗုဒ္ဓဂယာမှ သယ်ဆောင်လာသည့် မဟာဗောဓိညောင်ပင်အား အခမ်းအနားဖြင့် စိုက်ပျိုးပူဇော်ကြသည်။

 

mdn

 

ယင်းမဲခေါင်မြစ်ဝှမ်းငါးနိုင်ငံမှ သံဃာတော် အပါး (၄၇၀) သည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့သို့ ဆက်လက်ကြွချီမည်ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်အထိ မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံသို့ ခရီးစဉ်ကြွချီမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းနှင့်ဓာတ်ပုံ/လင်းလင်း)