နေပြည်တော် ဒီဇင်ဘာ ၁၇
တာချီလိတ်မြို့တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန်၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများပိုင်ရှင် တွမ်လောင်ဖူး (ခ) အားဟွာ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တွမ်ရှီးခွမ်အား စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀၊ အက်တက်စီအမှုန့် ၉ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလို၊ အက်တက်စီဆေးပြား ၁၂၈,၀၀၀၊ Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀၊ အက်တက်စီအမှုန့် ၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်