တာချီလိတ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် လာရောက်စစ်ဆေးမှုခံယူခဲ့သူ (၁၁၅)ဦးရှိကြောင်း သိရသည်။
အဆိုပါ လာရောက်စစ်ဆေးခဲ့သည့် (၁၁၅)ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး စုစုပေါင်းနှစ်ဦးဖြစ်ပြီး ၎င်းတို့ကို တာချီလိတ်မြို့ပြည်သူ့ဆေးရုံ၌ သီးခြားထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြု လူနာ(၂၆၆၀)ထိရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၄၉၈)ဦးရှိကာ သေဆုံးသူ(၉၅)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


