တာချီလိတ်မြို့တွင် ရှောင်တခင်စစ်ဆေးရာမှ ထိုင်းနိုင်ငံသား တစ်ဦးအား မူးယစ်ဆေးဝါး၊လက်နက်များနှင့်အတူ ဖမ်းမိ

တာချီလိတ် ၁၂  ဖေဖော်ဝါရီ 


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် နေဝန်းနီ စက်သုံးဆီ အရောင်းဆိုင်အနီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် နေ့ပိုင်းပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ရှောင်တခင် ပြုလုပ်စဉ် ထိုင်းနိုင်ငံသား တစ်ဦးထံမှ လက်နက်နှင့်အတူ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

 

123


နေဝန်းနီ စက်သုံးဆီ အရောင်းဆိုင်အနီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် ပြည်နယ်/ခရိုင်/မြို့နယ် နှင့် မြို့မရဲစခန်းမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များအပြင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်စဉ် မြို့တွင်းဘက်မှ အာခါဈေးဘက်သို့ မောင်းလာသည့်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်မောင်းလာသူမှာ ထိုင်းနိုင်ငံသားဖြစ်နေပြီး ၎င်းအားဆက်လက်စစ်ဆေးရှာဖွေရာ  ၎င်းထံမှ ကျည်အိမ်တပ်လျက် ပစ္စတိုသေနတ်(၁)လက်၊ကျည်အိမ်အတွင်းမှ(.38)အမျိုးအစား ကျည်(၇) တောင့်နှင့် စိတ်ကြွဆေးပြား (၂)ပြားနှင့်ice(ဝ.၇)ဂရမ်ဝန်းကျင်အပြင် ဘောင်းဘီရှည် အိတ်ကပ်အတွင်းက .45 Auto စာတန်းပါ ကျည်(၈)တောင့်တို့အား ရှာဖွေတွေ့ရှိကြောင်း သိရသည်။


လက်နက်၊ ကျည်ဆံနှင့်အတူ မူးယစ်ဆေးဝါး အပါအဝင် တွေ့ရှိရသည့် အသက်(၃၂)နှစ်ဝန်းကျင်ရှိ ထိုင်းနိုင်ငံသား ဆရရွတ်ဆိုသူသည် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ၎င်းအား တာချီလိတ်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN