တာချီလိတ် ၁၃ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်-၂ မှ အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည် လွှဲပြောင်းပေးပို့လာသော မြန်မာနိုင်ငံသား အမျိုးသား(၁၁၃)ဦး၊အမျိုးသမီး(၂၇)ဦး စုစုပေါင်း(၁၄၀) ကို ယနေ့ နံနက်က မြန်မာတာဝန်ရှိသူများမှ ပြန်လည်လက်ခံခဲ့ကြသည်။
ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာ-ထိုင်း ဆက်ဆံရေး အရာရှိ ခရိုင်ရုံးမှဦးထွန်းတို့က လွှဲပြောင်းပေးပို့လာရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ ဌာနဆိုင်များက စနစ်တကျ ပြန်လည်လက်ခံခဲ့ကြသည်။
လွှဲပြောင်းပေးလာသော ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်း Mask များပေးဝေခြင်း ပြုလုပ်ခဲ့ကြပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက စောင့်ကြည့်ရေးစခန်း မိုးကုတ်ရိပ်သာသို့ Quarantine ထားရှိရန် မော်တော်ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။
ပြစ်ဒဏ်စေ့များကို မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိပြီး နှာခေါင်းနှင့်အာခေါင်တို့ဖတ်ရယူ၍ ဓာတ်ခွဲစစ်ဆေးမှု အဖြေရလဒ်ထွက်ရှိချိန်ထိနေထိုင်ရမည်ဖြစ်ကြောင်း ရလဒ်အဖြေထွက်ရှိပါက မိမိနေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မိမိနေရပ်ဒေသသို့ ပြန်လည်ရောက်ရှိပါက ဆက်လက်၍ Quarantine ဝင်ရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


