တာချီလိတ် ၁၅  မေ 

 

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ်မြောက် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ဒုတိယ မြောက်နေ့အဖြစ်  ယနေ့ နံနက်ပိုင်းမှ စတင်၍ ညနေ (၄)နာရီအထိ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ပထမအကြိမ် နှင့် ဒုတိယအကြိမ် ထိုးနှံခြင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်နှင့် နိုဝင်ဘာ ၂၀ ရက်တို့တွင် ထိုးနှံပေးခဲ့ပြီး ပျံလွန်တော်မူပြီးသော မဟာမြတ်မုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ ဘဒ္ဒန္တ ပညာသာမိအား ရည်စူးအလှူနှင့် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်) ၏ သက်တော် (၆၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူအဖြစ် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ) နှင့် ဒေသတွင်းမှ လုပ်ငန်းရှင်များက ပူးပေါင်းလှူဒါန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

 

ဘီပိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို တပ်မတော်ဆေးအဖွဲ့၊ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများနှင့် မြသဟာ ပုဂ္ဂိလိကဆေးရုံ (အဆွေတော်မိသားစု) မှ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပြီး ထိုးနှံပေးခြင်းဖြစ်သည်။ ပထမနေ့အဖြစ် မေ ၁၄ ရက်က စတင် ထိုးနှံ့ခဲ့ကြပြီး မေ  ၁၈ ရက်အထိ ရက်ကွက်အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

ယာဆေး(ပြန်/ဆက်)