တာချီလိလတ် ၁၁ ဒီဇင်ဘာ
တာချီလိတ်မြို့နယ် အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အာခါတိုင်းရင်းသား အာခါ ခါးထောင်းဖားပွဲတော်နှင့် ဧည့်ခံပွဲကို တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်း၌ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့အကြီးအကဲ ဦးမင်းညိုက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဘိုးဘေးတို့အား အောက်မေ့ဆုတောင်းခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ အာခါတိုင်းရင်းသား လူငယ်မောင်မယ်များက ခါးထောင်းဖား တေးသံနှင့် ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် အာခါ ခါးထောင်းဖားပွဲတော် မင်္ဂလာအခါသမယကို ကြိုဆိုကြသည်။
အာခါဇန်း (ခေါ်) အာခါတင်ရင်းသားများ၏ မူလအစ ယုံကြည်ကိုးကွယ်မှုဘာသာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေနှင့် ဝတ်စားဆင်ယင်မှု ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန် တိမ်မြုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော အာခါတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် ပွဲတော်ကျင်းပခြင်းဖြစ်ကြောင်း အာခါယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးမင်းညိုက ပြောကြားသည်။
အခမ်းအနားသို့ တြိဂံဒေသတိုင်း တိုင်းမှူးနှင့် အရာရှိကြီးများ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ-ထိုင်း နယ်ခြားကော်မတီ အဖွဲ့ဝင်များ၊ အာခါယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမင်းညိုနှင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)