တာချီလိတ် ၁၃ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ ငွေလဲဆိုင် တစ်ဆိုင်၌ ဒေါ်လာငွေအတုများ လာရောက်လဲလှယ်သော ထိုင်းနိုင်ငံသား တစ်ဦးကို မတ် ၁၂ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိသည်။
မတ် ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာခံ ကျော်ဇေယျ နယ်ထိန်း တာဝန်ဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဒေါ်နန်းဆိုင်ခမ်းငွေလဲဆိုင်တွင် ထိုင်းနိုင်ငံသား တစ်ဦး ဒေါ်လာ ငွေအတုများအား မသင်္ကာဖွယ်လာရောက်လဲလှယ်နေကြောင်း ဖုန်းဆက်အကြောင်းကြားချက်အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ၊ တာလော့ရပ်ကွက်၊ ကမ္ဘောဇဘဏ်(၁)ရှေ့ရှိ ဒေါ်နန်းဆိုင်ခမ်း၏ ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား Mr.Ekka Phon Kaew Thong အား ငွေလဲနေသည်ကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ လက်ကိုင်ဖုန်း တစ်လုံးနှင့် အတုဟုယူဆရသော အမေရိကန်ဒေါ်လာ ငွေစက္ကူအတု ၁၀ဝ တန်၊ ၁၉ ရွက်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
အဆိုပါအမှုမှ အတုဟုယူဆရသော အမေရိကန်ဒေါ်လာ ငွေစက္ကူများ လက်ဝယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား Mr.Ekka Phon Kaew Thong (၅၀ နှစ်)၊ ဝီဖိန်ခမ်ရပ်ကွက်၊ မယ်ဆိုင်မြို့၊ ချင်းရိုင်းခရိုင်နေသူအား တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
