တာချီလိတ်  ၅  ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက်က တာချီလိတ်-ကျိုင်းတုံကားလမ်းမပေါ်ရှိ မိုင်းကိုးကျေးရွာအုပ်စု ပန်အင်ကျေးရွာနှင့် တောင်သုံးလုံး ကျေးရွာအကြားတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ လော်ကော် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသည့်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

 

လော်ကော်၏ အစစ်ခံချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို လွယ်တော်ခမ်းကျေးရွာအုပ်စု တာချီလိတ်-မိုင်းဆတ်ကားလမ်းဘေး စန်းလုကျေးရွာအနီးရှိ ရော်ဘာခြံတွင် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် ရဲတပ်ဖွဲ့က အဆိုပါနေရာသို့ သွားရောက်စဉ် ရော်ဘာခြံဘက်မှ ကားလမ်းမဘက်သို့ အိုက်န(ခ) အားနသည် ရဲတပ်ဖွဲ့ဝင်များကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းမောင်းနှင်လာနေသော ဆိုင်ကယ်ကို ရပ်တန့်ပြီး ထွက်ပြေးရန် ကြိုးစားနေစဉ် ရဲတပ်ဖွဲ့ဝင်များက အချိန်မီ တားဆီးထားနိုင်ခဲ့ပြီး ဆက်လက် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ထိုင်ခုံအောက်မှ ပစ္စတိုသေနတ်တစ်လက်ကို ကျည်ခုနစ်တောင့်နှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

 

photo(2)