တာချီလိတ် ၂၄ စက်တင်ဘာ
ပထမဆုံးအကြိမ် ရှမ်းရိုးရာဝေသန္တရာဇာတ်တော် လှည့်လည်ပူဇော်ပွဲနှင့် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ် ကွက်ရှိ မယ်ခေါင်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ ၂၄ ရက်ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်နှင့် မယ်ခေါင်ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကာ မယ်ခေါင်ရပ်ကွက်သူ၊ ရပ်ကွက်သားများက အသက် ၁၀ နှစ်အထက် ကလေးများနှင့် အသက် ၆၀ ကျော် အရွယ်အထိ လူငယ်၊ လူလတ်၊ လူကြီး အဖွဲ့လိုက်ပါဝင်ကာ ရှမ်းရိုးရာ အိုးစည် ၁၃ မျိုး ရှိသည့်အနက် အိုးစည် ငါးမျိုးဖြစ်သည့် ကောင်ကျိုင်းလုံ၊ ကောင်ကျိုင်းလိတ်၊ ရှမ်းအိုးစည်အရှည်၊ ကောင်မောင်းဆေ့နှင့် ကောင်ထိန်(န်)တို့ဖြင့် တီးခတ်ကာ အကပဒေသာများ ပါဝင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါအကပဒေသာတွင် ရပ်ကွက်အတွင်းရှိ အသက် ၆၀ ကျော်အကအဖွဲ့၊ အသက် ၄၀/၅၀ နှစ်ရှိ အကအဖွဲ့၊ လင်မယားဇနီးမောင်နှံ အတွဲအကများ၊ လူပျို^အပျို အကအဖွဲ့များ၊ အသက် ၁၀ နှစ်အထက် ကလေးအကအဖွဲ့များ စသည့် အကအဖွဲ့ ခြောက်ဖွဲ့ဖြင့် ရိုးရာအိုးစည် ငါးမျိုးတို့နှင့် တွဲဖက်ကပြကာ နဂါးနှစ်ကောင်ဘုန်း ကြီးကျောင်းရှေ့မှ မယ်ခေါင် ရှမ်းဘုန်းကြီးကျောင်းဝန်းအထိ ရိုးရာအကများဖြင့် စည်းကားသိုက်မြိုက်စွာ လှည့်လည် ကျင်းပခဲ့သည်။
“မယ်ခေါင်ရပ်ကွက်မှာ ပထမဆုံးအကြိမ် အစည်းအကားဆုံး ကျင်းပခဲ့တာပါ၊ ဒီလိုပွဲတွေက ကျွန်တော်တို့ မမွေးခင်ကတည်းက ရှေးဘိုးဘွားတွေ လက်ထက်ကတည်းက ကျင်းပလာတော့ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်သွားအောင် ယနေ့ခေတ်လူငယ်တွေကို လက်ဆင့်ကမ်း ဖော်ထုတ်ပေးပြီး၊ ရပ်ကွက်အတွင်းရှိ အပျို၊ လူပျို၊ လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးပါးစလုံး စုပေါင်းအင်အားနဲ့ ကျင်းပနိုင်ခဲ့တာပါ”ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးစိုင်းအွတ်က ပြောသည်။
ဝေသန္တရာဇာတ်တော် ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှ စက်တင်ဘာ ၂၉ ရက်နေ့အထိ ပင့်ဖိတ်ထားသည့် ရှမ်းဘုန်းတော်ကြီးများမှ ဝေသန္တရာဇာတ်တော်များကို ရှမ်းပါဠိ ဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကာ နောက်ဆုံးနေ့တွင် ရွှေမိုး ငွေမိုးရွာသွန်းပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ပွဲတော်အား စည်းကားသိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မယ်ခေါင်ရှမ်းယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
မြင့်မိုရ်(တာချီလိတ်)