တာချီလိတ် ၄ မေ
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ် လျက်ရှိရာ ဧပြီ ၂၆ ရက်နေ့မှ မေလ ၂ ရက်အတွင်း ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၈၀၄ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝ အလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၁၃၀၉ ဦးနှင့် တတိယနိုင်ငံသား (နိုင်ငံခြားသား) ၂၉၀ ဦး၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၁၃၀ ဦး၊ ပြည်တွင်းခရီးစဉ်သို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၀၇၅ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ၃၇၈၀ဝ၃ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင် ၅၃၈၂ ဦး၊ ဗီဇာဖြင့် တာချီလိတ်၊ ကျိုင်းတုံနှင့် ပြည်တွင်းခရီးစဉ်သို့ ၂၆၅၉၇ ဦး၊ စုစုပေါင်းနိုင်ငံခြားခရီးသွားဧည့်သည် ၄၀၉၉၈၂ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)