တာချီလိတ်   ၁၇  မေ  

 

တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့်  နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ် လျက်ရှိရာ မေလ ၁၀ ရက်နေ့မှ မေလ ၁၆ ရက်အတွင်း  ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၃၀၂၄ ဦး ဝင်ရောက် လည်ပတ်ခဲ့ ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။ 

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝ အလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ် ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ   တစ်ပတ်အတွင်း   တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၁၆၁၄ ဦးနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား)၃၅၅ဦး၊ ညအိပ်ခရီးစဉ်အဖြစ်  မိုင်းဖြတ်မြို့နှင့်ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား  ကမ္ဘာလှည့်ခရီးသည်  ၂၃၉ ဦး၊ ပြည်တွင်းခရီးစဉ်သို့  ဗီဇာဖြင့် (ဗီဇာကင်း လွတ်ခွင့်ရ)နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၈၁၆ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။ 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည်  ထိုင်းနိုင်ငံသား ၄၁၇၃၉၉ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား)၄၉၈၄ ဦး၊ လန့်တောင်းဘုရားနေ့ ချင်းပြန် ထိုင်းနိုင်ငံသား ၁၇၇ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင်   ၅၈၁၉ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းခရီးစဉ်သို့  ၂၈၆၄၃ ဦး၊ စုစုပေါင်းနိုင်ငံခြားခရီးသွားဧည့်သည် ၄၅၇၀၂၂ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 

 

ဖြိုးလေး(ပြန်/ဆက်)