တာချီလိတ် ၁၂ ဧပြီ
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိရာ ဧပြီလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ တစ်ပတ်အတွင်း နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၈၉၇ ဦးဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၁၁၈၉ ဦးနှင့် တတိယနိုင်ငံသား (နိုင်ငံခြားသား) ၃၄၃ ဦး၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂၃၄ ဦး၊ ပြည်တွင်းခရီးစဉ်သို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၁၃၁ ဦး တို့ ဝင်ရောက် လည်ပတ်ခဲ့သည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့အထိ နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၁၀၇၈၁၀၄ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)
