တာချီလိတ် ၆ ဇူလိုင်
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၅၂၄ ဦး ဝင်ရောက် လည်ပတ်ခဲ့ ပြီး၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၆၁၈၈၆၁ ဦးရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝ အလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ လူနေမှုဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၁၀၃၇ ဦး နှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၃၁၀ ဦး၊ တာလေ- လန့်တောင်းသို့ ထိုင်းနိုင်ငံသား ၃၆ ဦး၊ ညအိပ် ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့်ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၁၈၈ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်း လွတ်ခွင့်ရ) နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၉၅၃ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၅၆၈၇၀ဝ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား)၇၁၅၈ ဦး၊ လန့်တောင်းဘုရားနေ့ ချင်းပြန် ထိုင်းနိုင်ငံသား ၂၃၁ ဦး၊ မိုင်းဖုန်း နေ့ချင်းပြန်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသား ၁၁၃ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင် ၆၇၄၁ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းခရီးစဉ်သို့ ၃၅၉၁၈ ဦး၊ စုစုပေါင်း နိုင်ငံခြားခရီးသွားဧည့်သည် ၆၁၈၈၆၁ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး(ပြန်/ဆက်)