တာချီလိတ် ၅ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ ညအိပ်နှင့် နေ့ချင်းပြန်ခရီးသည်ပေါင်း ၂၁၇၁၃ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိရာတွင် ထိုင်းနိုင်ငံနှင့် တတိယနိုင်ငံသားများ ညအိပ်နှင့် နေ့ချင်းပြန် ခရီးသည်ပေါင်း ၂၁၃၆၈ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်တွင် ၄၈ ဦး၊ ဗီဇာဖြင့် တာချီလိတ်မြို့ မှတစ်ဆင့် ပြည်တွင်းသို့ ၂၉၇ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။
အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိတာလော့ဈေး၊ ဘုရင့်နောင် ရုပ်ထု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းသို့လည်းကောင်း၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင် ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ် နှင့် ကျိုင်းတုံမြို့ရှိမဟာမြတ်မုနိဘုရား၊ စွန်တောင်းစေတီ၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကမ္ဘာအေးစေတီ ၊ လွယ်မွေဒေသ၊ ပင်းတောက်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝ အလှရှုခင်းများ နှင့် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုဗဟုသုတအဖြစ် လေ့လာသည့်အပြင် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းရှိ အထင်ကရ ဒေသများသို့ ဝင်ရောက်လည်ပတ်လျက်ရှိသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဧပြီလ ၁ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ ထိုင်းနှင့် တတိယ နိုင်ငံသားနေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၄၇၈၉၆၅ ဦး၊ မိုင်းဖြတ် နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၃၉၁၀ ဦး၊ တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၃၇၆၆ ဦး၊ စုစုပေါင်း ၄၈၆၆၄၁ ဦး ဝင်ရောက် လည်ပတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)