နေပြည်တော်   ၁၆   နိုဝင်ဘာ 

 

 

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေ တောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

 

 

ယခုနှစ် နိုဝင်ဘာလ ၉ ရက်မှ နိုဝင်ဘာလ ၁၅ ရက်အထိ တာချီလိတ် နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား ၁၉၈၃၈ ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၀၄ ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ်သို့  ထိုင်းနိုင်ငံသား ၂၉ ဦး၊ မိုင်းဖုန်း နေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား ၅၂ ဦး ၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၈၉၅ ဦး၊ ပြည်တွင်းခရီးစဉ် သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၉၉၆ ဦး ရှိကြောင်း သိရသည်။

 

 

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

 

 

လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်တွင် သွားရောက်ရာ ခရီးစဉ်လမ်းကြောင်း တစ်လျှောက်တွင်ရှိသော မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီးစေတီ ပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားကျေးရွာများသို့ လေ့လာလည်ပတ် ကြပါသည်။

 

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီး ကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်း ဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်း ကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်း လောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ပြည်တွင်းပိုင်းခရီးစဉ်အား တာချီလိတ်မြို့မှ လေကြောင်း ဖြင့် တိုက်ရိုက်ပျံသန်းသော မြို့များဖြစ်သည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တစ်ဆင့် ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ခဲ့ကြ သည်။

 

 

တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် အရေအတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ ၆၀၃၈၃၇ ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း ၆၁၆၈ ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် စုစုပေါင်း ၉၀၃၀ တို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

ဟိုတယ်/ခရီး