တာချီလိတ်တွင် အိမ်ခန်းငှားရမ်းနေထိုင်ပြီး မူးယစ်ဆေးထုတ်လုပ်၊ ရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ဖမ်းမိ

တာချီလိတ်  ၁၁    ဖေဖော်ဝါရီ 

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အိမ်ခန်းငှားရမ်းနေထိုင်ပြီး မူးယစ်ဆေးထုတ်လုပ်၊ ရောင်းချ နေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

 

ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၀ ရက် ည ၉ နာရီက မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေးအနီးတွင် လမ်းလျှောက်လာသည့် ထိုင်းနိုင်ငံသား လက်ချာနွန်းဖေးလောင်းထောင်ကို စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၀၅)ပြားနှင့် တွေ့ရသဖြင့် ၎င်းနေထိုင်ရာ တော်ကော့(ပြင်)ရွာရှိနေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား (၆၀ဝ)နှင့် Ecstasy ဆေးပြား ( ၇၇၆ )ပြားနှင့်အတူ နေအိမ်မီးဖိုခန်းအတွင်းမှ စိတ်ကြွဆေးပြားရိုက်ရာတွင် အသုံးပြုသည့် သတ္တုမွှေစက်၊ မော်တာ၊ အခြောက်ခံစက်၊ စတီးကတော့၊ အိတ်ပိတ်စက်နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

 

မူးယစ်ဆေးထုတ်လုပ်သည့် ပစ္စည်းများ၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် လက်ချာနွန်းဖေးလောင်းထောင် ကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် (၁၈)ရက်အတွင်း ထိုင်းနိုင်ငံသားအပါအဝင် လူ(၂)ဦးသေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှု (၃)မှုဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်းပိတ်ဆို့စစ်ဆေးမှုများ၊ ရှောင်တခင်စစ်ဆေးမှုများကို ရဲတပ်ဖွဲ့က ပုံမှန်ထက် ထပ်တိုးလုပ်ဆောင်နေရာ ထိုင်းနိုင်ငံသားများကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိနေရာမှ မူးယစ်ဆေးထုတ်လုပ်သည့်ပစ္စည်းများနှင့်ပါ ဖမ်းဆီးရမိလာခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN