မြစ်ကြီးနား  ၂၂  ဇန်နဝါရီ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ သစ်တောကြိုးဝိုင်းအတွင်း ဒေသ စိမ်းလန်း စိုပြည်ရေးနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် ဒေသအစုအဖွဲ့ပိုင် သစ်တော လုပ်ကိုင်ခွင့် လျှောက်ထားသူများကို လက်ရှိတည်ဆဲဥပဒေသစ်အရ နှစ်ပေါင်း(၉၀) လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာန၊ တာလောကြီးတွဲဘက်သစ်တောအုပ် ဦးအောင်ဇော်မိုးထံမှ သိရသည်။

 

ဒေသအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း လုပ်ကိုင်ခွင့် ရရှိသူများအနေဖြင့် လက်ရှိထုတ်ပြန်ထားသည့် ဥပဒေ သစ်အရ မျိူးဆက်သုံးဆက်စာ နှစ်ပေါင်း(၉၀)လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအရ သစ်တောစိုက်ခင်း စိုက်ပျိုးခြင်းမရှိပါက လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် မူလနှစ်သုံးဆယ် လုပ်ကိုင်ခွင့်ရရှိထားသူများသည် ဥပဒေသစ်အတိုင်း ခံစားခွင့် ရရှိမည်ဖြစ်သည်။

 

တာလောကြီး ကျေးရွာသစ်တောကြိုးဝိုင်းသည် ဧက(၁၀ဝ၀ဝ)ကျော်ကျယ်ဝန်းကာ ယခုနှစ်အတွက် စီးပွားဖြစ် ကျွန်းစိုက်ခင်း ဧက(၅၀)တည်ထောင်ရန် ကြိုးဝိုင်းအတွင်း တောခုတ်ခြင်း၊ မြေပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း တာလောကြီးတွဲဘက်သစ်တောအုပ် ဦးအောင်ဇော်မိုးထံမှ သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)