တာလေ ဇူလိုင် ၂၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့ မြို့အဝင်အထွက်ရှိ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာခြင်းများမဖြစ်ပေါ်စေရန် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း မြို့အဆင့်ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးလုပ်ငန်းကော်မတီမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှ မြို့အတွင်းဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များဖြင့် စီးနှင်းလိုက်ပါကြသည့် ခရီးသည်များအား မြို့အဝင်/အထွက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ /မရှိနှင့် နှာခေါင်းစည်းတပ်ဆင်သွားလာခြင်း ရှိ/ မရှိစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းကောက်ယူခြင်းနှင့်စာရင်းရေးသွင်းခြင်း စသည့် ကျန်းမာရေး ဆိုင်ရာ စစ်ဆေးခြင်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းအား နေ့စဉ် နံနက် (၈)နာရီမှ ည(၄:၃၀)နာရီအချိန်ထိ ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က အလှည့်ကျတာဝန်ယူစနစ်ဖြင့် နေ့စဉ်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)


