တာလေ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ်ရေး စီမံချက်ကာလအတွင်း ရောဂါပိုးကူးစက်ခံရသူများနှင့် ကျေးရွာများရှိ အခြေခံလူတန်းစားအိမ်ထောင်စု များအား တာလေဒေသ ရွှေသတ္တုတူးဖော်ရေးကုမ္မဏီများအဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။

အခြေခံ စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက်ကာလအတွင်း ရောဂါအတည်ပြုလူနာများ ၊ ကျေးရွာများမှ အခြေခံလူတန်းစားအိမ်ထောင်စုများ၊ လောကပါလ ပရဟိတ လူမှုကူညီရေးအဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကိုဗစ်စစ်ဆေးရေးဂိတ်များ တွင် စေတနာဖြင့်ပါဝင်ဆောင်ရွက်ပေးကြသော စေတနာရှင်များအား ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေမှုကို အထောက်အကူဖြစ်စေရန် တာလေဒေသ ရွှေသတ္တုတူးဖော်ရေးကုမ္မဏီများ အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခင် ဦဂဆောင်သော သတ္တုလုပ်ငန်းရှင်များအဖွဲ့က မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူများနှင့် အခြေခံလူတန်းစားအိမ်ထောင်စု (၃၀၀)တို့အား ငွေကျပ်(၁၀၂) သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များကို စနစ်တကျထောက်ပံ့ပေးအပ်ခဲ့ပြီး တာလေမြို့မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများ အဖွဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့နယ်(ပြန်/ဆက်)