တာလေ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
တာလေမြို့တွင် ကျေးလက်နေပြည်သူများသည် စပါးကို စီးပွားရေးအဖြစ် အဓိကထားစိုက်ပျိုး၍ ဒေသအတွင်း ဆန်ဖူလုံမှုရှိပြီး ပိုလျှံသည့်စပါးများကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမှ ဝင်ငွေရရှိလျက်ရှိသော်လည်း စားသုံးဆီကို ပြည်ပမှ ဝယ်ယူစားသုံးနေရ၍ ဒေသအတွင်း စားသုံးဆီ ဖူလုံမှုရရှိစေရေး၊ စပါးအပြင် ဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးကြရန်လိုအပ်သဖြင့် တောင်သူများအားဖိတ်ခေါ်၍ ပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာပေးဆွေးနွေးပွဲများ ကျင်းပပေးပြီး တောင်သူများ၏ ဈေးကွက်လိုလားချက်နှင့် စီးပွားရေးတွက်ခြေကိုက်ပြီး ရေရှည်အလားအလာကောင်းသည့် သီးနှံများရွေးချယ်စိုက်ပျိုး ထုတ်လုပ် ခြင်းမှ ဝင်ငွေရရှိစေပြီး စပါးအပြင် ဒေသအတွင်း စားသုံးဆီဖူလုံမှုရရှိစေရေးအတွက် မြေပဲ ၊ ပဲပုပ်အပြင် အခြားဒေသနှင့် ကိုက်ညီသော ဆီထွက်သီးနှံများ တိုးချဲ့စိုက် ပျိုးလာစေရန် ရည်ရွယ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ တာလေမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီနှင့် ဒေသခံတောင်သူ စုစုပေါင်းအင်အား(၄၃) ဦး တက်ရောက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းထံမှ သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)


