တာလေ ၄ အောက်တိုဘာ  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့ မိုင်းလင်း(အနောက်) ကျေးရွာအုပ်စုရှိ နားဟိုင်းလုံ ကျေးရွာ၌ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး  ရေတိုက်စားမှုကြောင့် ရွာအနိမ့်ပိုင်းရှိ  လူနေအိမ်များအတွင်း ရေဝင်ရောက်ပြီး ပစ္စည်းအချို့ ဆိုးဆိုးရွားရွားပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု ၅ စုနှင့် အနည်းအကျဉ်းသာ ပျက်စီးမှုရှိသော အိမ်ထောင်စု ၁၅ စုအတွက် ရွှေသတ္တုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ခင်က ထိုင်းဘတ်ငွေ ၅၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုမှာ ပထမအကြိမ် စက်တင်ဘာ ၂၄ ရက်တွင် ဖြစ်ပြီး အိမ်မွေးကြက်များနှင့် အိမ်သုံးပစ္စည်းများအပြင်ရွာအဝင် တံတားတစ်စင်းလည်း ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခု အောက်တိုဘာ ၃ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် လူနေအိမ်များအတွင်း ရေဝင်ရောက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းနှင့် ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားခဲ့သည့် တံတားနေရာတွင် အခိုင်အမာ တံတားတစ်စင်းပြန်လည်တည်ဆောက်ရန် ကုန်ကျ စရိတ်ကို  ပွင့်လင်းရာသီရောက်ပါက သတ္တုလုပ်ငန်းရှင်များအသင်းက  လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ကျော်မိုး(တာလေ)