ကဘူး  ၅  စက်တင်ဘာ

တာလီဘန်စစ်သွေးကြွအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ စတင်နိုင်ရေးအတွက် တာလီဘန်စစ်သွေးကြွ အကျဉ်းသား ၅၀၀၀ နီးပါးကို ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း အာဖဂန်နစ္စတန်အစိုးရက စက်တင်ဘာ ၃ ရက်က ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အမေရိကန်နှင့် တာလီဘန်စစ်သွေးကြွအဖွဲ့တို့အကြား ရရှိသော ငြိမ်းချမ်းရေး သဘောတူညီချက်အရ အာဖဂန်နစ္စတန် အစိုးရနှင့် တာလီဘန်အဖွဲ့တို့ နှစ်ဖက်စလုံးမှ ထိန်းသိမ်းထားသည့် အကျဉ်းသားများအား လွှတ်ပေးခဲ့ကြသည်။

တာလီဘန်စစ်သွေးကြွအကျဉ်းသား ၅၀၀၀ နှင့် အခြားသူများအား လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း အာဖဂန်အစိုးရ သတင်းရင်းမြစ်များစွာက အင်န်အိတ်ချ်ကေသို့ပြောကြားခဲ့သည်။ သို့သော် အချို့အကျဉ်းသားများမှာ လူသတ်မှုကဲ့သို့ ကြီးလေးသောပြစ်မှုများ၌ ပါဝင်ပတ်သက်နေခြင်းကြောင့် ၎င်းတို့အား လွှတ်ပေးရန် သင့်မသင့်အား နိုင်ငံတကာမိတ်ဖက်များနှင့် ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အာဖဂန် အစိုးရက ပြောကြားသည်။

အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များနှင့် အခြားအကျဉ်းသားအားလုံးကို ၎င်းတို့ဘက်မှ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်၍ ၎င်းတို့၏ အကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဖဂန်နစ္စတန်အစိုးရအား တာလီဘန် စစ်သွေးကြွအဖွဲ့က တောင်းဆိုထားသည်။

အမေရိကန်နှင့် တာလီဘန်စစ်သွေးကြွအဖွဲ့တို့ ဖေဖော်ဝါရီလအတွင်း ရရှိခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ အာဖဂန်နစ္စတန်အစိုးရက ထိန်းသိမ်းထားသည့် တာလီဘန်စစ်သွေးကြွ အကျဉ်းသား ၅၀၀၀ ကျော်နှင့် တာလီဘန်တို့က ထိန်းသိမ်းထားသည့် အစိုးရစစ်သည် အကျဉ်းသားဦးရေ ၁၀၀၀ ကို ငြိမ်းချမ်းရေးဆွေးနွေးမှုများ မစတင်မီ ပြန်လွှတ်ပေးကြရမည်ဖြစ်သည်။

ဘာသာပြန်-ဇော်ဝင်း

ကိုးကား-အင်န်အိတ်ချ်ကေ