၂၆ သြဂုတ်


အာဖဂန်အထူးတပ်ဖွဲ့များက စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့သဖြင့် အာဖဂန်မြောက်ပိုင်း ကွန်ဒဇ် ပြည်နယ်ရှိ တာလီဘန်တို့ ပုန်းအောင်းရာ နေရာတစ်ခုမှ အာဖဂန်အစိုးရတပ်ဖွဲ့အပါအဝင် အရပ်သား ၁၅ ဦး  ညတွင်းချင်း လွတ်မြောက်ခဲ့ကြောင်း အထူးတပ်ဖွဲ့ဌာနချုပ်က ယနေ့ ပြောကြားခဲ့သည်။


အာဖဂန်အထူးစစ်ဆင်ရေးတပ်ဖွဲ့များက ကွန်ဒဇ်ပြည်နယ် အင်မမ် ဆာဟစ်ဘ် ခရိုင်တွင်ပြီးခဲ့သည့် ညက စစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့သည်။ ၎င်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ပေါက်ကွဲပစ္စည်းသိုလှောင်ရုံကိုလည်း ဖျက်ဆီးခဲ့ပြီး တာလီဘန်တို့ ဖမ်းဆီးထားသည့် စစ်သား ၈ ဦးနှင့် အရပ်သား ခုနှစ်ဦး လွတ်မြောက်ခဲ့ကြောင်း ထိုတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။


ထိုလွတ်မြောက်လာသူများ က စစ်စခန်းတစ်ခုသို့ပြောင်းရွှေ့ကာဆေးကုသမှုခံယူခဲ့သည်ဟု ထိုကြေညာချက်အရ သိရသည်။အဆိုပါ လွတ်မြောက်လာသူများသည် ၎င်းတို့၏မိသားစုများနှင့် မကြာမီ ဆက်သွယ်မည်ဖြစ်ကြောင်း  ယင်းကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။


အဝေးပြေးလမ်းနှင့် ကျေးရွာများကို ဖြတ်သန်းသွားသော အရပ်သားများနှင့် တာဝန်ပြင်ပအချိန်ဖြစ်သည့် စစ်သားများကို တာလီဘန်သူပုန်များက   မကြာခဏ ဖမ်းဆီးချုပ်နှောင်ကြသည်။


ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွအုပ်စုက ယခုအချိန်ထိ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပေ။


ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို