ရန်ကုန်၊ ၅ ဖေဖော်ဝါရီ
ရန်ကုန်မြို့ တာမွေ(ယာယီ)ဈေးကို အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်လျက်ရှိရာ မြေပြင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ အုတ်မြစ်ချရန်အတွက် မြေဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ဒီနေ့ဆိုရင် ပထမအလွှာဖြတ်ပြီးသွားပါပြီ။ မြေရဲ့ အပေါ်ယံကြောဖြစ်တဲ့ ၇ ပေအနက် ပထမအလွှာကို ဖြတ် ပြီးသွားပြီ ဒုတိယအလွှာ ထပ်ဖြတ်ဖို့ ကျန်ပါသေးတယ်။ လောလောဆယ် တည်ဆောက်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ မြေဖြတ်လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့ တာမွေးဈေးတာဝန်ခံ ဦးသူရဝင်းက ပြောကြားသည်။
တာမွေဈေးကို ၁၁၁ ကုမ္ပဏီမှ တင်ဒါအောင်မြင်ကာ ဈေးတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြင်းထန်နေချိန်တွင် လုပ်ငန်းများ ခေတ္တရပ်နားထားခဲ့သော်လည်း ယခုအခါ ဈေးရုံတည်ဆောက်ခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဈေးရုံသစ်ကြီး တည်ဆောက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း စတင်ခဲ့ကာ တရားဝင်အုတ်မြစ်ချခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစဉ်မှ လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
မြေအောက်ထပ် အပါအဝင် အလွှာပေါင်း ၅ လွှာ ထည့်သွင်းတည်ဆောက်မည့် ဈေးတည်ဆောက်ခြင်းလုပ်ငန်း များ ပြီးစီးပါက မြေညီထပ်နှင့် ပထမထပ်တို့တွင် ဈေးရုံဟောင်း၌ ဖွင့်လှစ်ခဲ့သော ဆိုင်ခန်းနေရာများအား ပြန်လည်ချထားပေးမည်ဖြစ်ပြီး ဒုတိယထပ်နှင့် တတိယထပ်တို့တွင် မော်တော်ယာဉ်အစီးရေ ၃၀၀ခန့် ရပ်နား နိုင်မည့်နေရာများ ထားရှိမည်ဖြစ်ကာ စတုတ္ထထပ်တွင် ရုပ်ရှင်ရုံကဲ့သို့ အများပြည်သူနှင့်သက်ဆိုင်သော နေရာ များ စီမံဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။ ဈေးရုံသစ်ကြီးအတွင်း မူလဈေးရုံဟောင်းမှ မှတ်ပုံတင် ဆိုင်ခန်းပေါင်း ၆၄၂ ခန်းနှင့် ပျံကျကတ်ပြားဖြင့် ရောင်းချလျက်ရှိသော ဆိုင်ခန်းပေါင်း ၇၆၁ ခန်းတို့ကို ပြန် လည်နေရာချထားပေမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် တာမွေ(ယာယီ)ဈေးရှိ ဈေးသူဈေးသားများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက် များနှင့် အညီ ရောင်းချလျက်ရှိပြီး နေ့စဉ် သားငါး၊ ဟင်းသီးဟင်းရွက်နှင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသော လူသုံးကုန်ပစ္စည်းများကို အဓိကထားရောင်းချလျက်ကာ အဝတ်အထည်၊ ရွှေနှင့် ဇိမ်ခံပစ္စည်း အရောင်းဆိုင်များမှာ အရောင်းအဝယ် အေးစက်လျက်ရှိကြောင်း သိရသည်။
ဈေးတာဝန်ခံရုံးအနေဖြင့် ဈေးရောင်းဈေးဝယ် အများဆုံး အချိန်တွင် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ ပါးစပ်၊ နှာခေါင်းစည်း၊ မျက်နှာအကာများ တပ်ဆင်အသုံးပြုရန် နေ့စဉ်ဆော်ဩမှုများ ပြုလုပ်ပေးနေပြီး လက် ဆေးစင်နှင့် အမှိုက်ပုံးများထားရှိပေးကာ သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိ ကြောင်း သိရသည်။
ဈေးဖွင့်ချိန်အနေဖြင့်နေ့စဉ် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပြီး လပြည့်၊ လကွယ်၊ ဥပုပ်ရက်များတွင် မနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိ နေ့တစ်ဝက်သာဖွင့်လှစ်ကာ ကျန်အချိန်များတွင် အထူးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်း၊ ဓာတ်ပုံ - တင်စိုး


