တာမွေ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာမွေမြို့နယ် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် တာမွေကြီး(ခ)ရပ်ကွက် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ လူနေအိမ်များတွင် နေထိုင်ကြသော ပြည်သူများ၏ နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေးအခြေအနေများကို အဓိကထား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် မြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ဇွန် ၂၃ ရက်မှ စတင်ကာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသူ (၁၄)ဦးအထိရှိရာ ပြန်လည်ကောင်းမွန်လာသူ ၉ ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူနေသူ (၅)ဦးရှိကြောင်း မြို့နယ်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီမှ သိရှိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


