ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး အောက်တိုဘာလ(၁၄)ရက်နေ့နှင့် အောက်တိုဘာလ(၁၆)ရက်တို့တွင် နံနက်ပိုင်းအချိန်မှစတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် နှစ်နေရာခွဲ၍ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုကဲ့သို့ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း ကျောင်း (၄)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၁၁၂)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၇၉၁)ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၄၇)ဦး၊ စုစုပေါင်း မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၁၅၀) တို့ကို ဆေးရရှိမှုအပေါ် မူတည်ပြီး နှစ်နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)