ရန်ကုန်    နိုဝင်ဘာ    ၂၇

 

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်း များအား ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် တရားဝင်မှတ်ပုံတင်ထား ပါကလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်းရှိ/မရှိတို့ကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့စစ်ဆေးရာတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က မြို့နယ်အတွင်းရှိ အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများအနေဖြင့် လူတန်းစားမရွေး လာရောက် ပြသနိုင်ရေးအတွက် သင့်တင့်မျှတသော ဆေးကုသမှုစရိတ်များဖြင့် ကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုများ ပေးစေလိုကြောင်း၊ လက်ရှိကာလသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့် အလျောက် ဆေးကုသမှုများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ကုသပေးစေလိုကြောင်း၊ မိမိတို့ ဆေးခန်းသို့လာရောက်ပြသသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး ခြင်းဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ မြို့နယ်အတွင်းရှိ အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများကို ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ လုပ်ငန်းလိုင်စင် ရှိ/မရှိနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပူပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)