ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ လူသွား စင်္ကြံလမ်းများ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးကော်မတီ (လမ်းနှင့်တံတားဌာန)မှ ဝန်ထမ်းများက တာမွေမြို့နယ် သမိန်ဗရမ်းလမ်းမကြီးတစ်လျှောက် လူသွားစင်္ကြံလမ်းရှိ စွန့်ပစ်အမှိုက်သရိုက်များနှင့် ရေဆင်းမြောင်းများအတွင်း ပိတ်ဆို့နေသော သဲ၊ ကျောက်စရစ်နှင့် ရွှံ့နုန်းမြေများအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ပေးနေမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သူ ဦးဇော်မင်းကလည်း “အခုလို မြို့နယ် စည်ပင်ဌာနက တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်းရှိ လူသွားစင်္ကြံများ သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်တာဟာ မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ လမ်းသွားလမ်းလာတွေအတွက်တော့ အရမ်းကို အကျိုးရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တစ်ခုပါ။ ဘာလို့လဲဆိုတော့ ပြည်သူတွေအနေနဲ့ တစ်နေရာမှ တစ်နေရာကို သွားလာကြတဲ့အခါ ယာဉ်အန္တရာယ်ကင်းဝေးစေဖို့အတွက် ဒီလူသွားစင်္ကြံလမ်းကို အဓိက အသုံးပြုကြရပါတယ်။ အဲလိုအသုံးပြုတဲ့ အခါမှာ ဒီလူသွားစင်္ကြံလမ်းတွေ သန့်ရှင်း သပ်ရပ်ဖို့ကလည်း များစွာ အရေးကြီးလို့နေပါတယ်။ ဥပမာပြောရရင် ယခင်က ဒီသမိန်ဗရမ်းလမ်းမကြီးတစ်လျှောက်ရှိ လူသွား စင်္ကြံတွေမှာ စွန့်ပစ်ထားတဲ့အမှိုက်သရိုက်တွေ၊ မိုးသည်းထန်စွာ ရွာသွန်းပြီးချိန်များတွင် ရေမြောင်းများ ရေလျှံပြီးနောက် တင်ကျန်ခဲ့တဲ့ ရွှံ့နုန်းမြေတွေကြောင့် လူသွားစင်္ကြံလမ်း အသုံးပြုသူတွေအနေနဲ့ အခက်အခဲတစ်ချို့ ရှိခဲ့ပါတယ်။ ယခုလို လူသွားစင်္ကြံ လမ်းတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်သရိုက်တွေနဲ့ ရေဆင်းမြောင်းအတွင်း ပိတ်ဆို့နေသော သဲ၊ ကျောက်စရစ်နှင့် ရွှံ့နုန်းမြေများအား ဖယ်ရှားရှင်းလင်းပေးတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လူသွားစင်္ကြံပေါ်မှ စိတ်အေးချမ်းစွာ သွားလာရတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ် ” ဟု ပြောပြခဲ့သည်။
နိုင်လင်းအောင်(ပြန်/ဆက်)


