ရန်ကုန်   ဒီဇင်ဘာ   ၂၅

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်လျက်ရှိပြီး ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ဒီဇင်ဘာ ၂၄ ရက်က မြို့နယ် သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ပြုလုပ်ခဲ့ရာ သံသရာလမ်းညွှန် အဘိဓမ္မာ သင်တန်းမှ သင်တန်းသား သင်တန်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများ ပြုလုပ်နေမှုများအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။ 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို အဆင့် သုံးဆင့် သတ်မှတ်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ပထမအဆင့် စာမေးပွဲများကို ပြုလုပ်ခဲ့ရာ အဘိဓမ္မာ စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ ၂၁ ဦး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ နှစ်ဦး စုစုပေါင်း ၂၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် စာမေးပွဲများကိုလည်း ဒီဇင်ဘာ ၂၅ ရက်နှင့် ဒီဇင်ဘာ ၂၆ ရက်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)