ရန်ကုန် ဇူလိုင် ၃၁
ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ ပိုင်းခရိုင် တာမွေမြို့နယ်တွင် ပြည်သူများ အောက်စီဂျင်ဓာတ်ငွေ့ လုံလောက်စွာ မရရှိမှုကြောင့် အသက် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အောက်စီဂျင်ဖြန့်ဖြူး ပေးနိုင်ရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက် ၂၀ တွင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့် ၂၀ လီတာဆံ့ အောက်ဆီဂျင်အိုး များကို အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသည့်ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ အရင်တုန်းကဆို အောက်ဆီဂျင်အိုးတွေက သာမန်ပဲအသုံးပြုတဲ့အတွက် အခက်အခဲမရှိခဲ့ကြပါဘူး။ လက်ရှိအချိန်မှာတော့ အောက်ဆီဂျင်အိုးတွေကို လိုရမယ်ရ အပိုသိမ်းဆည်းမှုတွေ ရှိလာတဲ့အတွက် အောက်ဆီဂျင်အိုးတွေက အလွန်ရှားပါးလာပါတယ်။ ဒီအောက်ဆီဂျင်ဓာတ်ငွေ့လိုအပ်မှုက ပြဿနာတစ်ခု သဖွယ် ဖြစ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တာမွေမြို့နယ်အတွက် ခွဲတမ်းအလိုက်ရရှိတဲ့ အောက်ဆီဂျင်အိုးတွေကို မြို့နယ်အတွင်းမှာရှိတဲ့ အောက်ဆီဂျင် အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေ အဓိကရရှိဖို့ ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မြို့နယ်အတွက် ရရှိလာတဲ့ အောက်ဆီဂျင်တွေ လေလွှင့်ဆုံးရှုံးမှု မဖြစ်ပေါ် စေရေးနှင့် အမှန်တကယ်လိုအပ်နေသည့်ပြည်သူများ လက်ဝယ်သို့ ရောက်ရှ ိစေရေးအတွက်လည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လိုအပ်သည့်အချက် အလက်များ စိစစ်ပြီးအခမဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ တာမွေမြို့နယ်အတွင်းမှာ ယခုလက်ရှိ ဖြန့်ဝေ ပေးလျက်ရှိတဲ့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးတေွကို တောင်ဥက္ကလာပမြို့နယ်ရှိ ‘ မိတ်ဆက် ’ ဆိုတဲ့ အောက်ဆီဂျင်စက်ရုံမှ ရရှိပြီး ၂၀ လီတာဆံ့ အောက်ဆီဂျင်အိုးတေွကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ‘ ရွှေပြည်ညွန့်’ ဆိုတဲ့အောက်ဆီဂျင်စက်ရုံမှ ရရှိပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ အမှန်တကယ်လိုအပ် နေတဲ့ လူနာတွေအတွက် မိသားစုဝင်တစ်ဦးဦးမှ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက်ပြီး အောက်ဆီဂျင် အမှန်တကယ်လိုအပ်ကြောင်း ဆရာဝန်တစ်ဦးဦး၏ ဆေးလက်မှတ်ထောက်ခံစာ၊ သက်ဆိုင် ရာရပ်ကွက်တွင် အမှန်တကယ်နေထိုင်ကြောင်း အိမ်ထောင်စုစာရင်းများနှင့် အတူ လျှောက်ထားနိုင်ပါတယ်။ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ဒီတစ်နေ့တာအတွက် ထုတ်ပေးတဲ့ အောက်ဆီဂျင်အိုးတွေကို ထုတ်ယူသူ၏ လိပ်စာနှင့် သေချာစွာ မှတ်တမ်းပြုစု ဆောင်ရွက်ထားရှိပါတယ် ” ဟု တာမွေမြို့နယ် အတွင်း အောက်ဆီဂျင် ဖြန့်ဖြူးပေးနိုင်ရေးဦးစီးကော်မတီ ဥက္ကဌ ဦးကိုးအောင်က ပြောသည်။
နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ ရရှိနိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း၍ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်အတွင်းရှိ ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ ရရှိနိုင်စေရေးအတွက် တစ်ရက်လျှင် ၄၀ လီတာဆံ့အောက်ဆီဂျင်အိုး အလုံး ၃၀ နှင့် ၂၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၉၅ လုံးတို့ကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်း အောက်ဆီဂျင်အိုးများ အခမဲ့ ဖြန့်ဝေပေးနေမှုအပေါ် အောက်ဆီဂျင် လာရောက်ထုတ်ယူသူ ပြည်သူတစ်ဦးက “ ယခုလို ဆောင်ရွက်ပေးတာ အရမ်းကိုအဆင်ပြေမှုရှိပါတယ်။ ယခင်က တောင်ဒဂုံမှာ ရှိတဲ့စက်ရုံမှာ မနက်အစောကြီးသွားပြီး တန်းစီစောင့်ရတယ်။ တစ်ခါတစ်လေ တန်းစီတာတောင် မရခဲ့ဘူး။ ယခုဆိုရင် လိုအပ်တာနဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ လိုအပ်တဲ့အထောက်အထား စာရွက်စာတမ်းတွေ ပြပြီး တန်းထုတ်လိုက်ရုံပဲ ” ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


