ရန်ကုန် အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား တရုတ်နိုင်ငံထုတ် ဆီနိုဗက်အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီးဆက်လက်ထိုးနှံပေးလျက် ရှိသည်။

“ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ အတွက် မိဘအုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်ကို အရင်ဆုံး ရယူပါတယ်။ ကလေးတွေအနေနဲ့ ဆေးထိုးတဲ့အခါမှာ ဖျားနေတာတို့၊ အတက်ရောဂါရှိတာတို့၊ တခြားရောဂါရှိတဲ့ ကလေးတွေကိုတော့ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးထိုးသင့်တယ်ဆိုမှ ထိုးနှံပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကိုကိုဗစ်-၁၉ ရောဂါကူးစက်မခံရစေဖို့ ကာကွယ်ဆေးကို ယုံယုံကြည်ကြည်နဲ့ လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းပြောကြားချင် ပါတယ်" ဟု ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ပြောသည်။

ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာ အသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေး အသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

တာမွေမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးရမည့် ကျောင်းသားအရေအတွက်မှာ အခြေခံပညာ အလယ်တန်းကျောင်း လေးကျောင်းမှကျောင်းသား ကျောင်းသူ ၁၁၂ ဦး၊ အထက်တန်းကျောင်း ခုနှစ်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၇၉၁ ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း လေးကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၄၇ ဦးရှိပြီး လက်ရှိအချိန် တွင် ၁၁၈ ဦးအား ထိုးနှံပေးထားပြီး ကျန်ရှိသော ကျောင်းသား ကျောင်းသူများအား ကျောင်းဖွင့်ချိန်အမီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည် ဖြစ်သည်။

နိုင်လင်းအောင် (ပြန်/ဆက်)