တာမွေ ဇူလိုင် ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး၌ ၂၀၂၆-ခုနှစ်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ နှစ်ရာ့သုံးဆယ်ကျော်အထိရှိကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံးမေတ္တာစံအိမ်ခန်းမ၌ ယနေ့ကျင်းပသည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(ငြိမ်း) ဦးအေးလွင်က အမှာစကား ပြောကြားပြီး မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီး၍ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား ဘဝအောင်မြင်တိုးတက်စေရေးအတွက် လမ်းညွှန်ဆုံးမစကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)


