တာမွေမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြော

ရန်ကုန် မတ် ၄

 

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အကြောင်းနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ မတ် ၄ ရက် နံနက်ပိုင်းက တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အကြောင်း အသိပညာပေး ဟောပြောပွဲကို တာမွေမြို့နယ်ရှိ ကျောက်မြောင်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် တာမွေမြို့နယ် လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူးစိုးမင်းထက်တို့က ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဟောပြောသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ပြည်သူများ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့သည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)