ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်းနှင့် သီတာလမ်းဆုံရှိ အမှတ်(၉၂) နှစ်ခန်းတွဲ (၅)ထပ်တိုက်တွင် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက အဆိုပါတိုက်၏ ပထမထပ်ဝဲဘက်ခန်း အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားခဲ့သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုကူညီရေး အသင်းဝင်များ ရောက်ရှိခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူအမျိုးသမီးမှာ ဒေါ်ခင်စန်းရီ အသက်(၅၀)ဖြစ်ပြီး ၎င်းတိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း၊ ခါးအောက်ပိုင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အဆိုပါ အဆောက်အအုံအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ပြန်လည် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)