ရန်ကုန် ဒီဇင်ဘာ ၁၉

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့တော်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မြို့တော်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာမွေမြို့နယ်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ် မအူကုန်းရပ်ကွက်ရှိ မအူကုန်း လမ်းကျယ်တစ်လျှောက် ကတ္တရာလမ်းအမျိုးအစား ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တာမွေမြို့နယ်ရှိ မအူကုန်း လမ်းကျယ်တစ်လျှောက် ကတ္တရာလမ်းအမျိုးအစား ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူတစ်ဦးက ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

 

“ဒီမအူကုန်းလမ်းကျယ်ဟာဆိုရင် ကျွန်မတို့ ဒေသခံပြည်သူများသာမက ရန်ကုန်မြို့ရဲ့ အဓိက လက္ကားစျေးကြီးတွေဖြစ်တဲ့ ရွှေပြည်စုံစျေး၊ မင်္ဂလာစျေး၊ ယုဇနပလာဇာတို့ကို ကုန်ပစ္စည်းတွေ လာရောက်ပို့ဆောင်တဲ့ ယာဉ်တွေ နေ့စဉ် အသုံးပြုတဲ့ မြို့နယ်ရဲ့ အဓိက အချက်အချာကျတဲ့ လမ်းမကြီးတစ်ခုပါ။ ယခင်က ဒီလမ်းဟာ ပျက်စီးယိုယွင်းနေပြီး ချိုင့်ခွက်တွေဖြစ်နေတဲ့အတွက် မိုးရာသီရောက်လို့ မိုးရွာသွန်းတဲ့အခါ ဒီချိုင့်ခွက်တွေထဲက ရေတွေဟာ စီးဆင်းမှုမရှိဘဲ တင်ကျန်နေတတ်ပါတယ်။ အဲလိုဖြစ်တဲ့အခါကျတော့ ကျွန်မအပါအဝင် လမ်းအသုံးပြုသူတွေနေနဲ့ ရွံ့ဗွက်အိုင်တွေကို ရှောင်ပြီးသွားရတော့ ယာဉ်အန္တရာယ်နဲ့ မကြာခဏဆိုသလို ကြုံတွေ့ရပါတယ်။ အခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကတ္တရာလမ်းသစ်ကြီးကို ခင်းကျင်းပေးတဲ့အတွက် ကျွန်မတို့ပြည်သူတွေ ယခင်ကထက် သွားလာရေးတွင် အဆင်ပြေချော့မွေ့လာနိုင်မှာဖြစ်သလို ယာဉ်အန္တရာယ်မှလည်း ကင်းဝေးသွားနိုင်လိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

တာမွေမြို့နယ်ရှိ မအူကုန်း လမ်းကျယ်တစ်လျှောက် ဆောင်ရွက်လျက်ရှိသော ကတ္တရာလမ်းမှာ အရှည်ပေ (၁၃၄၀)၊ အကျယ် (၁၉) ပေ၊ အမြင့် နှစ်လက်မထုရှိပြီး ကတ္တရာ AC တန်ချိန် (၄၀၁) တန်ဖြင့် ထပ်ပိုးလွှာ ခင်းခြင်းဖြစ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခြောက်လတာ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)