ရန်ကုန် ၁၁ ဇွန်

မိုးတွင်းအခါ၌ တာမွေမြို့နယ်အတွင်းရှိ မြစ်ချောင်းများနှင့် ရေနုတ်မြောင်းများအတွင်း နုန်းများ၊ အမှိုက်များ ပိတ်ဆို့၍ လမ်းမကြီးများနှင့် လူသွားစင်္ကြန်များပေါ်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ နတ်ချောင်းအတွင်းမှ နုန်းနှင့်အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

ယင်းကဲ့သို့  ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း " ယခုလိုလုပ်ဆောင်ပေးတာဟာ ရပ်ကွက်အတွက်လည်း ကောင်းသလို၊ မြို့နယ်နှင့် တိုင်းဒေသကြီးအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်ကဆိုရင် မိုးရွာသွန်းချိန်တိုင်း မြစ်ချောင်းများနှင့် ရေနှုတ်မြောင်းများအတွင်း နုန်းများ၊ အမှိုက်များ ပိတ်ဆို့နေမှုမှတစ်ဆင့် မြစ်ချောင်းများတိမ်ကောလာပြီး ကတ္တရာလမ်းနှင့် လူသွားစင်္ကြန်များအပေါ် ရေများလွှမ်းမိုးလျက်ရှိနေတာကြောင့် သွားရေးလာရေးမှာ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ အခုလို ဆောင်ရွက်ပေးခြင်းအားဖြင့် မိုးတွင်းအခါ မြို့နယ်အတွင်း ရေကြီးရေလျှံခြင်း ဖြစ်ပေါ်မှုများ ကင်းဝေးသွားစေနိုင်မှာ ဖြစ်တဲ့အပြင် ရပ်ကွက်နေပြည်သူတွေအနေနဲ့လည်း အမှိုက်များကို ရေနှုတ်မြောင်းများနှင့် မြစ်ချောင်းများအတွင်းသို့ စည်းကမ်းမဲ့စွာ မစွန့်ပစ်ဘဲ သတ်မှတ်ထားသော နေရာများတွင်သာ စနစ်တကျ စွန့်ပစ်စေချင်ပါတယ် " ဟု ပြောကြားသွားကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)