ရန်ကုန် နိုဝင်ဘာ ၅

           

နွေရာသီ ကာလသို့ မကြာမီ ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တာမွေ(ယာယီ)စျေးမှ စျေးဝန်ထမ်းများ ပူးပေါင်း၍ စျေးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက် ထားရှိခြင်း၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက် ထားရှိခြင်းနှင့် စျေးသူ/သားများနှင့် စျေးလာရောက်ဝယ်ယူကြသူများအနေဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် စျေးအတွင်းရှိ လူအများ မြင်သာသည့်နေရာများ၌ အသိပေး ပိုစတာများ ချိတ်ဆွဲခြင်းနှင့် စျေးအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံ နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

           

ထို့သို့ တာမွေ(ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အပေါ် အဆိုပါစျေးတွင် လူသုံးကုန်ပစ္စည်း ရောင်းချနေသူ တစ်ဦးကလည်း " ယခုလို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ ပြုလုပ်တာဟာ အရမ်းကို ကောင်းမွန်ပါတယ်။ ဒီစျေးက စားသောက်ကုန် ပစ္စည်းမျိုးစုံတွေနဲ့ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံတွေကို ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်တဲ့ မြို့နယ်ရဲ့ အဓိက စျေးကြီးတစ်ခုပါ။ နောက်ပြီး ကျွန်တော်အပါအဝင် ဒီစျေးမှာ ရောင်းချနေတဲ့သူတွေ အကုန်လုံး နီးပါးက မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို စျေးမှာပဲ သော့ခတ်ပြီး သိမ်းဆည်းခဲ့တာက များပါတယ်။ အဲဒီအတွက် ကျွန်တော် အပါအဝင် ဒီကစျေးသည်တွေအနေနဲ့ မီးဘေးအန္တရာယ် ဖြစ်ပေါ်မှာကို စိုးရိမ်မိပါတယ်။ အခုလို စျေးက တာဝန်ရှိသူတွေအနေနဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။ နောက်ပြီး စျေးသူ/သားတွေနဲ့ စျေးသို့လာရောက်ကြသူတွေကို ပြောချင်တာက မီးဆိုတာဟာ အသုံးပြုတတ်ရင်  မိတ်ဆွေကောင်းဖြစ်သလို၊ အသုံးမပြုတတ်ရင်တော့ ရန်သူဖြစ်နိုင်တဲ့အတွက် မီးကို ပေါ့ဆစွာ အသုံးမပြုဘဲ စနစ်တကျ အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ် ” ဟု ပြောကြားခဲ့သည်။

           

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် စည်ပင်သာယာစျေး(၇)စျေးရှိပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်းရှိ စျေးများတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို မြို့နယ်အတွင်းရှိ စျေးများ၌ နွေရာသီကာလအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)