ရန်ကုန် ၂၅ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ရပ်ကွက် ၂၀ ရှိရာ ၂၀၂၀ ပြည့်နှစ် အထွေထွေေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁၇၀၃၆ ဦးရှိပြီး မဲစာရင်း လာရောက်ကြည့်ရှုကြသူများအား မြို့နယ်/ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ်အဖြစ် (၂)ပတ်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


