ရန်ကုန် အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်းရှိ အသက်(၁၆)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ မရှိသေးသူ များအား အိမ်ထောင်စုလူဦးရေ စာရင်းများထုတ်ပေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက်နေ့မှစ၍ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်ပြည့်ပြီးသူ ကျား(၉၄)ဦးနှင့် မ(၁၁၆)ဦး စုစုပေါင်း (၂၁၀)ဦးကို နိုင်-၃(က) ဖြင့်လည်းကောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ကျား(၅၀)ဦးနှင့် မ(၅၁)ဦး စုစုပေါင်း (၁၀၁)ဦးကို နိုင်-၆(က) ဖြင့်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးဆောင်ရွက်ပေးခြင်း၊ ကျား(၁၆၂) ဦးနှင့် မ(၁၄၀)ဦး စုစုပေါင်း(၃၀၂)ဦးကို အသက်(၁၀)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်-၃(က)မှ အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်-၆(က)သို့ လဲလှယ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူ ကျား(၁၅၁)ဦးနှင့် မ(၁၂၇)ဦး စုစုပေါင်း (၂၇၈)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြန်လည်ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ မြို့နယ် အတွင်းရှိ အိမ်ထောင်စု(၇၂၂)စုအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရန် ကျန်ရှိနေသူများကိုလည်း ရပ်ကွက်များအတွင်း နယ်လှည့်ကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)